Monday, January 22, 2024

ဘုရားသုံးဆူအစစ်အမှန်

ဘုရား ၃ ဆူ အစစ်၏ ပုံ

၁၉၄၅ ခုနှစ် အောက်တိုဘာလက မှတ်တမ်းတင်ထားတယ်။ သေမင်တမန် မီးရထားလမ်းကို ရှာဖွေကြရာက ပြန်လည် တွေ့ရှိတယ်။

ဘုရား ၃ ဆူ ပုံဟောင်းမှာ ထီးတင်ထားတာ တွေ့ရတယ်။ မွန်ဘုရင်က တည်ထားခဲ့ကြောင်း သမိုင်းမှတ်တမ်း ရှိခဲ့တယ်။

သမိုင်းမှန်ကို ဖုံးကွယ်လိုတာကြောင့် ထိုင်းအစိုးရဟာ သမိုင်းမှန်ကို မသိအောင် လုပ်လိုက်တယ်။ google မှာ ရှိတဲ့ မှတ်တမ်းကိုပါ ဖတ်မရအောင် လုပ်ထားတယ်။

ထိုင်းတွေ တည်တဲ့ ဘုရားက ထီး မတင်ပါ။ မွန်တွေ တည်တဲ့ ဘုရားက ထီးတင်ပါတယ်။ 

နောက်ထပ် ဘုရား ၃ ဆူ အသစ်ကို ထိုင်း မြန်မာနယ်စပ်၊ ဘုရား ၃ ဆူမြို့ အနီး ထိုင်းဖက်ခြမ်းမှာ တည်လိုက်တယ်။ အဲဒီ နယ်စပ်ဆိုတာလည်း နယ်နိမိတ် အငြင်းပွားနေဆဲ နေရာပါ။ မြန်မာ့ မြေပုံမှာ အစွယ်သေးသေးလေး ချိုင့်ဝင်နေတဲ့ နေရာ ဖြစ်မနေပေမယ့် ထိုင်းမြေပုံမှာ အစွယ်သေးသေး မသိမသာ အစွယ်ထွက်နေအောင် လုပ်ထားတယ်။ အခုထိ ဘယ်သူပိုင်းတယ် မဖြေရှင်းနိုင်သေးပေမယ့် လက်ရှိမှာတော့ ထိုင်းနယ်နိမိတ် ဖြစ်နေပါတယ်။ ထိုင်းလူမျိုး တည်တာကြောင့် နောက်ထပ် ဘုရား ၃ ဆူက ထီးမတင်ထားပါ။ ထိုင်းဘုရားလို လုပ်လိုက်တယ်။ ဘုရား ၃ ဆူ အစစ်ရဲ့ ရာဇဝင်ကို နောက်မျိုးဆက်တွေ မသိအောင် ဖုံးကွယ်လိုက်တယ်။

သမိုင်းမှန်တွေ လေ့လာဖို့ ခက်သွားတယ်။ google မှာလည်း ဘုရား ၃ ဆူ အသစ်ကိုသာ အလွယ်တကူ ရှာတွေ့ပါတယ်။ 

မူလ ဘုရား ၃ ဆူ အဟောင်းက စံခလမြို့ရဲ့ အရှေ့တောင်ဖက်၊ စံခလ ချောင်းဘေးမှာ တည်ခဲ့တယ်။ ကန်ချနပူရီ ရေကာတာ ဆောက်လိုက်တာကြောင့် စံခလမြို့ရဲ့ မြေနိမ့်ပိုင်း မွန်လူမျိုးတွေ နေထိုင်တဲ့ ရွာငယ်ဟာ ရေထဲကို ရောက်ခဲ့တယ်။ မွန်ဘုရင်တည်ထားတဲ့ မူလ ဘုရား ၃ ဆူလည်း ရေအောင်ကို နစ်မြုပ်သွားပြီး နှစ်များစွာ ကြာတော့ ပျက်စီးသွားတယ်။ မွန်းလူမျိုးတွေလည်း ကုန်းမြင့်ပိုင်းကို ပြောင်းရွေ့ခဲ့ကြတယ်။ ကုန်းမြင့်ပိုင်းက မူလ ရွာဟောင်းရဲ့ အနောက်ဖက်မှာပါ။ အခုအခါ စံခလမြို့မှာ မွန်ဖက် အခြမ်းနဲ့ ရှမ်း(ထိုင်း)ဖက် အခြမ်းဆိုပြီး ၂ ခြမ်းရှိတယ်။ မွန်ခန်း၊ ရှမ်းခန်းလို အလွယ်တကူ ခေါ်ကြတယ်။ စံခလ မြို့ကို ”ဝင်းက”လို့ မွန်တွေက ခေါ်ကြတယ်။

မွန်ဘုရင်တည်ခဲ့တဲ့ မူလ ဘုရား ၃ ဆူ အဟောင်း ပျောက်သွားတာကြောင့် မွန်လူမျိုးတွေဟာ မူလ ကတည်းက စံခလ(ဝင်းက)လို့ ခေါ်တဲ့ ထိုင်းနိုင်ငံ နယ်နိမိတ်အတွင်းမှာ နှစ်ပေါင်း ၅၀၀ ကျော် ကတည်းက နေခဲ့တယ်ဆိုတဲ့ မှတ်တမ်းလည်း ပျောက်သွားတယ်။ မွန်ရဲ့ ပိုင်နက်နယ်မြေဖြစ်ခဲ့တယ်ဆိုတဲ့ သမိုင်းလည်း ကွယ်သွားတယ်။

အုပ်ချုပ်သူ အစိုးရတွေဟာ သမိုင်းကို ပိပိယိယိ ဖျောက်ဖျက်ပစ်လိုက်တယ်ဆိုတာ၊ ကာယကံရှင်အသိဆုံးပါ။
Share:

0 comments:

Post a Comment

Search This Blog

Powered by Blogger.

Blog Archive